မင်းတပ်မြို့ဥပဒေအရာရှိ၊ မြို့နယ်တရားသူကြီးနှင့်ခရိုင်ရဲမှုးတို့ကို မင်းတပ်အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့တိုင်ကြား

မင်းတပ်မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်တရားသူကြီးနဲ့ ခရိုင်ရဲမှုးတို့သုံးဦးအား လာဘ်စားသည်ဟုဆိုကာ နိုဝင်ဘာလ (၅) ရက်နေ့က မင်းတပ်မြို့ အရပ်ဖက်လူမှုအဖွဲ့အစည်းများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားစာပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။

 Third Eye အဖွဲ့မှ ညှိနှိုင်းရေးမှုးဆလိုင်းမာန်အွမ်က “ကျွန်တော်တို့ မနေ့ပဲ တိုင်ကြားစာကိုပို့လိုက်တယ်။ စာတိုက်နဲ့ဆိုတော့ သုံးရက်လောက်ကြာမယ်။ အီးမေလ်းနဲ့လည်းပို့ထားတယ်။ အဲဒါပြီးမှ ပြည်ထောင်စုအဆင့်ကနေ ကျွန်တော်တို့ရဲ့ တိုင်ကြားစာနဲ့ ပတ်သက်ပြီး ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာတော့ဆက်သိရမယ်” ဟုပြောသည်။

၂၀၁၇ ခုနှစ်အတွင်းက မင်းတပ်မြို့ပြည်သူ့ဆေးရုံအနီးတွင် ဦးအွမ်လိန်းငိုင်းနှင့် မောင်ထန်းကီးဟုန်းတို့ ဆိုင်ကယ်ဖြင့် ယဉ်တိုက်မှုဖြစ်ပွားခဲ့သည့်ဖြစ်ရပ်ကြောင့် တရားရုံးတွင်ရင်ဆိုင်သည့်ကာလနှင့် ကြေအေးသည့်ငွေပမာဏသည် သိန်းတစ်ရာဝန်းကျင် ကုန်ကျပြီဖြစ်ဖြစ်ပြီး အဆိုပါအမှုကိစ္စရင်ဆိုင်ကာလအတွင်း သက်ဆိုင်ရာမှ လာဘ်စားမှုရှိသည်ဟုဆိုကာ ယခုကဲ့သို့ တိုင်ကြားခြင်းဖြစ် သည်။

ပြည်ထောင်စုအဂတိတိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သို့တိုင်ကြားမည့်စာတွင် ဦးအွမ်လိန်းငိုင်းနှင့်မောင်းထန်းကီးတို့ အမှုနှင့်ပတ် သက်ပြီး မြို့နယ်တရားသူကြီး ဦးထွန်းထွန်းနိုင်မှ ၂ သိန်း၊ မြို့နယ်ဥပဒေအရာရှိဦးအောင်စိုးသိန်းမှ ၂ သိန်းတောင်းယူပြီး၊ အချုပ်ကျနေစဉ် အတွင်း ခရိုင်ရဲမှုးနှင့်ရဲဌာနမှ ခွဲဝေယူရန် ၃၄၀၀၀၀၀ တောင်းခံခဲ့ပြီး မြို့နယ်ဥပဒေအရာရှိဦးအောင်စိုးသိန်းမှ ၂၅၀၀၀၀၀ အားထံမံတောင်းခဲ့သည်ဟု ပါရှိသည်။

တိုင်ကြားစာကို နစ်နာသူ ဦးအွမ်လိန်းငိုင်းလက်မှတ်နှင့်အတူ မင်းတပ်အရပ်ဖက်လူမှုအဖွဲ့အစည်းများဖြစ်သည့် CEA, MYA, CCWO, Third Eye နှင့် လင်းလက်ကြယ်စင်အဖွဲ့များမှ တာဝန်ရှိသူများ၏လက်မှတ်များ၊ မျက်မြင်သက်သေအဖြစ် ဒေါ်လိန်းငှိမ်း၊ ဒေါ်လောလီ၊ ဦးမနားလိန်းလက်မှတ်တို့နှင့်အတူ တိုင်ကြားစာပေးပို့ခြင်းဖြစ်သည်။