ချင်းပြည်နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုရန် ကျေးရွာအုပ်စုများ တိုးချဲ့ဖွဲ့စည်းသင့်

ဆလိုင်းကျဲအိုဘိခ်ထောင်

မြို့ပြတည်ဆောက်ရေး(Urbanization)သည် ရေရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေလိုအပ်ချက်ဟု မဆိုနိုင်သော်လည်း လူဦးရေ ၅ သိန်းခန့်သာရှိသော လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ချင်းပြည်နယ်တွင် ကျေးရွာပေါင်း ၁၃၅၀ ခန့်ရှိပြီး မြို့ပေါ်နေထိုင်သူ ၂၀ ရာခိုင်နှုန်းခန့်သာ ရှိနေသည်မှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်(အနောက်နိုင်ငံများတွင် ၈၀ ရာခိုင်နှုန်းကျော် မြို့ပြမှာ နေထိုင်)။ အထူးသဖြင့် ချင်းပြည်နယ်တောင်ပိုင်းရှိ ကျေးရွာ ခပ်များများသည် အိမ်ခြေ ၃၀အောက်ဖြစ်ကြပြီး ၉၀ရာခိုင်နှုန်းကျော်သည် ကားလမ်းမပေါက်ဖြစ်ရာ ရွာသားများ၏ အသက်မွေးဝမ်းကြောင်း မြင့်တင်ရေးမှာ ခေါင်းခဲစရာဖြစ်ပါသည်။

သို့ဖြစ်ရာ မြို့ပြစီမံကိန်း တည်ဆောက်ခြင်း၊ မြို့ခွဲများ တိုးချဲ့ခြင်း၊ ကျေးရွာများ စုစည်းခြင်းနှင့် ကျေးရွာအုပ်စုများ တိုးချဲ့ခြင်းတို့သည် ချင်းပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက် တစ်စိုက်တစ်ပိုင်းဖြစ်လာနိုင်ပါသည်။
လတ်တလောတွင် ချင်းပြည်နယ်အတွင်း ခရိုင်နှင့် မြို့ခွဲများ တိုးချဲ့ဖွဲ့စည်းလာရာ ယနေ့တွင် ခရိုင် (၄)ခု၊ မြို့နယ် (၉)ခုနှင့် မြို့ခွဲ(၁၀)ခုအထိ တိုးပွားလာသည်ကိုတွေ့ရပါသည်။ နောက်ထပ် ခရိုင်နှင့်မြို့ခွဲများ တိုးချဲ့မည်ဟု သိရပါသည်။ ယင်းသို့ တိုးချဲ့ခြင်းအားဖြင့် အုပ်ချုပ်မှု ယန္တရားပိုမိုလွယ်ကူစေမည့်အပြင် အဆောက်အဦးများနှင့် ၀န်ထမ်းအင်အားဖြည့်တင်းလာမည့်အတွက်ကြောင့် ဒေသခံများ ဖွံ့ဖြိုးမှုအတွက်လည်း တစ်စုံတရာ အထောက်အကူပြုနိုင်မည်ဟု ယူဆရပါသည်။ မဲဆွယ်စည်းရုံးရေးသက်သက်အဖြစ် အလွဲသုံးစားမပြုရန်သာလိုအပ်ပါသည်။ (အကယ်စင်စစ် အခြေခံဥပဒေပြင်ဆင်ပါက ခရိုင်ကို ဖျက်သိမ်းပြီး ယင်း၏လုပ်ငန်းတာဝန်နှင့် အာဏာအားလုံးကို မြို့နယ်တွင် လွှဲပြောင်းသင့်သည်)

အလားတူ ကျေးရွာအုပ်စုများကိုလည်း တိုးချဲ့ဖွဲ့စည်းသင့်ပါသည်။ တစ်ပြည်လုံးတွင် ကျေးရွာအုပ်စု (၁၃၆၀၂)နှင့် ကျေးရွာပေါင်း (၇၀၈၃၈) ရှိရာ ချင်းပြည်နယ်မှာ ကျေးရွာအုပ်စု (၄၇၀)နှင့် ကျေးရွာ (၁၃၄၆) ရှိပါသည်။ တစ်နည်းဆိုသော် တစ်ပြည်လုံးတွင် ကျေးရွာအုပ်စုနှင့် ကျေးရွာသည် မျမ်းမျှအားဖြင့် ငါးရွာတစ်အုပ်စုနှုန်းရှိရာတွင် ချင်းပြည်နယ်၌ သုံးရွာတစ်အုပ်စုနှုန်းဖြင့် အချိုးကျလေရာ မဆိုးလှဘူးဟု အပေါ်ယံအားဖြင့် ဆိုနိုင်သည်။ သို့သော် လက်ရှိချင်းပြည်နယ်၏ လမ်းပန်းဆက်သွယ်မှုခက်ခဲမှု၊ ကျေးရွာ တစ်ရွာနှင့်တစ်ရွာ အလှမ်းဝေးမှု၊ ဆင်းရဲနွမ်းပါးမှုစသည့် ပကတိမြေပြင်အနေအထားများနှင့် ချိန်ထိုးလိုက်ပါက အချို့ဒေသနှင့် မြို့နယ်များတွင် ကျေးရွာအုပ်စုများ တိုးမြင့်ဖွဲ့စည်းရန်လိုအပ်သည်ကို တွေ့မြင်ရပါသည်။

လက်ရှိရပ်ကျေးအုပ်ချုပ်ရေးစနစ်အရ ကျေးရွာတိုင်းတွင် အုပ်ချုပ်ရေးမှူး ထားရှိခြင်းမရှိဘဲ ကျေးရွာအုပ်စု တစ်ခုတွင် အုပ်ချုပ်ရေးမှူးတစ်ဦးသာထားရှိပြီး အုပ်စုတည်ရှိရာ ကျေးရွာတွင်သာ အစိုးရယန္တရား လည်ပတ်စေသည့်အတွက် အုပ်စု(အုပ်ချုပ်ရေးမှူး)မရှိသော အခြားကျေးရွာသားများ နစ်နာနေရပါသည်။ အထူးသဖြင့် ပလက်ဝမြို့နယ်ကဲ့သို့သော ကျေးရွာ (၃၈၀) ကျော်ရှိပြီး အုပ်စု (၉၆)ခုသာရှိသည့် မြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေးလည်း အလွန်ခက်ခဲသောကြောင့် ကျေးရွာအုပ်စု ခပ်များများ တိုးချဲ့သင့်သည်။ အဆိုပါ မြို့နယ်ရှိ အချို့ကျေးရွာများတွင် ကျေးရွာ (၇) ရွာမှာ အုပ်စုတစ်ခုသာရှိသည့် အနေအထားများလည်းရှိသည်။ ထို့ပြင် မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တွင် ကျေးရွာများပြားသလောက် (၁၇၆ရွာ၊ ၁၁ရ ရွာ အသီးသီးရှိ) ကျေးရွာအုပ်စု နည်းပါးနေသေးသည်။ ပျမ်းမျှအားဖြင့် တစ်အုပ်မှာ ၄ ရွာ၊ ၅ရွာကြား ရှိရာ အချို့အုပ်စုများမှာ မမျှမတဖြစ်နေသည်။ အလားတူ လူဦးရေ ထူထပ်သည့် တီးတိန်၊ ထန်တလန်နှင့် မတူပီမြို့နယ်များတွင်လည်း ကျေးရွာအုပ်စု နည်းပါးနေသေးသည်ကိုတွေ့ရသည်။

အထက်ဖော်ပြပါလိုအပ်ချက်များအရ ချင်းပြည်နယ်တွင် ကျေးရွာအုပ်စု (၁၀၀) ခန့်တိုးချဲ့ဖွဲ့စည်းနိုင်လျှင်ပြင် သူ့အင်္ဂါရပ်နှင့်အညီ ရရှိမည့် အုပ်ချုပ်ရေးမှူး၊ ကျမ်းမာရေးဝန်ထမ်း၊ အုပ်စုစာရေး စသည့် အလုပ်အကိုင်(၀န်ထမ်း)သစ် ၃၀၀ ထက်မနည်း ဖန်တီးစေမှာဖြစ်သည်။ ထိုမျှမက အုပ်ချုပ်ရေးယန္တရားလည်း ပိုမိုလွယ်ကူစေမှာဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးကိုလည်း တစ်စိုက်တစ်ဒေသအားဖြင့် အကျိုးပြုမှာဖြစ်ပါသည်။ ဖောင်းပွနေသည့် ကျေးရွာများ လျှော့ချစေမည့် နည်းလမ်းတစ်ခုလည်းဖြစ်သည်။

ကျေးရွာအုပ်စု ဖွဲစည်းရေးနှင့်ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ်က ထောက်ခံတင်ပြပြီး နိုင်ငံတော်သမ္မတက လိုအပ်သလို ဆောင်ရွက်ပေးမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၅၄)မှာ ပြဋ္ဌာန်းထားပါသည်။ ၂၀၁၈ခုနှစ်အတွင်းမှာ အထက်ပါ ပုဒ်မအရ တစ်ချို့ ကျေးရွာအုပ်စုနှင့် ရပ်ကွက်များ တိုးချဲ့ဖွဲ့စည်းသည်ကို တွေ့ရသည်။ ခြံငုံပြောရလျှင် ကျေးရွာအုပ်စုတိုးချဲ့ဖွဲ့စည်းရေးသည် ချင်းပြည်နယ်ဝန်ကြီးချုပ်၏ သဘောထားနှင့် အမျှော်အမြင်ကြီးမားမှုပေါ်မှာ အဓိကမူတည်ပါသည်။