ပွဲစားများနှင့် ညှိနှိုင်းပြီး ကျူးကျော်နေထိုင်နေသူများဖြစ်သည့်အတွက် မြို့သစ်စီမံကိန်းတွင် အိမ်ဆောက်နေထိုင်သူများအနေဖြင့် သတ်မှတ်ရက်အတွင်းဖျက်ပေးဖို့လိုကြောင်း ဥိးစိုးထက်မှပြော

Photo Credit

Salai Khup Khup

ဟားခါးမြို့သစ်စီမံကိန်း ဧရိယာ ၆၇၈ ဧက အတွင်း လာရောက်နေထိုင်သူများသည် မတော်လောဘနဲ့ ပွဲစားများနှင့်ညှိနှိုင်းပြီး ကျူးကျော်နေထိုင်တာဖြစ်သည့်အတွက် ၄င်းတို့ဖက်မှ သတ်မှတ်ရက်အတွင်း ဖျက်ပေးဖို့လိုအပ်ကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်မှပြောသည်။

စည်ပင်ဝန်ကြီးဦးစိုးထက်က “အစိုးရက မြို့ပြစီမံကိန်းကို စနစ်တကျလုပ်တယ် ပြည်သူကလည်း စနစ်တကျ လိုက်နာဖို့ကောင်းတယ်။ ပြည်သူလူထုကိုပေးဖို့ ဒီမြေကွက်တွေကို ဖော်နေတာ မတော်လောဘနဲ့ ပွဲစားတွေနဲ့ညှိပြီးမှ ကျူးကျော်နေထိုင်တာဖြစ်တဲ့အတွက် သူတို့ဖက်က ဖျက်ပေးဖို့လိုတယ်”ဟုပြောသည်။

ဟားခါးမြို့သစ် စီမံကိန်းဧရိယာအတွင်း ကျူးကျော်နေထိုင်သော တချို့မှာ ပြောင်းရွေ့ကြသော်လည်း အိမ်ရှင်အချို့မှာ ခေါ်ယူအသိပေးခြင်းများ ပြုလုပ်သော်လည်း ငြင်းဆန်နေသေးကြကြောင်း သိရသည်။

ဟားခါးမြို့သစ်စီမံကိန်း ဧရိယာ ၆၇၆ဧက အတွင်း ကျူးကျော်အိမ်များကို ဖျက်သိမ်းရန် အစိုးရဖက်မှ ပြင်ဆင်နေခြင်းအပေါ် တောင်သူအဖွဲ့အစည်းများဖက်မှလည်း လုံးဝအလျော့ပေးမှာ မဟုတ်ကြောင်း ဦးတလွန်ဇတလိန်းကပြောသည်။

ဦးတလွန်ဇတလိန်းက “ အစိုးရဖက်ကလည်း မလျော့ဘူးဆိုတော့ ကျွန်တော်တို့ဖက်ကလည်း လုံးဝလျော့မှာမဟုတ်ဘူး။ တကယ်ကဒီနယ်မြေက စည်ပင်ဧရိယာလည်းမဟုတ်ဘူး ဘိုးဘွားစဉ်ဆက်ကတည်းက လုပ်လာခဲ့တဲ့ နေရာဖြစ်တယ်။ ရပ်ကွက်တိုင်းလိုလိုမှာ ကျူးကျော်တဲ့လူတွေအများကြီးကို အရေးမယူဘဲ ဧက ခြောက်ရာကျော်နေရာကိုဘဲ ဖျက်မယ်ဆိုတာကလည်း  အစိုးရကမတရားဘူး။ နောက်ပြီးမြေပိုင်ရှင်တွေကိုလည်း ညှိနှိုင်းတာမျိုးလည်း မရှိဘူး”ဟုပြောသည်။

 ဟားခါးမြို့သစ် စီမံကိန်းဧရိယာအတွင်း ဆောက်လုပ်ထားသော အိမ်များကိုလည်း ဖျက်သိမ်းခိုင်းထားပြီး နောက်လ သုံးရက်နေ့အထိ ဖျက်သိမ်းထားခြင်းမရှိသော အိမ်များကိုလည်း တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

စည်ပင်ဝန်ကြီးဦးစိုးထက်က “ လမ်းမဖောက်ခင်တုန်းက အဲဒီမှာ တဲက ခြောက်လုံး၊ခုနှစ်လုံးလောက်ရှိတာ လမ်းဖောက်ပြီးမှ သက်သက်ကို ကျူးကျော်တာဖြစ်တယ် လွန်ခဲ့တဲ့ ရှစ်နှစ်ငါးနှစ်က ရှိခဲ့တဲ့ဟာမဟုတ်ဘူး လမ်းဖောက်ပြီးမှကို တမင်သက်သက် ကျူးကျော်တာဖြစ်တယ် အဲဒါကြောင့် ခွင့်လွှတ်လို့မရဘူး လမ်းမဖေါက်ခင်က အိမ်ရှစ်လုံးရှိခဲ့တယ်။ အဲဒါကို ကျွန်တော်တို့ဖက်က စဉ်းစားပေးမှာဖြစ်တယ်။ အိမ်၁၃၅လုံးက တမင်ကျူးကျော်ဖြစ်တယ်။သူတို့နစ်နာတယ်လို့ပြောစရာမရှိဘူး သူတို့ကိုယ်တိုင်က မှားယွင်းစွာနဲ့လာနေတာဖြစ်တယ်”ဟုပြောသည်။