ချင်းပြည်နယ်တောင်ပိုင်း ဒု – သမ္မတခရီးစဉ် အတွင်း လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းတောင်းဆိုမှု ဒုသမ္မတမှ ပြည်နယ်အစိုးရထံ ပြန်ပို့ပေးရန်ညွှန်ကြား

Salai Benezer

ဧပြီလအတွင်း နိုင်ငံတော်ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ချင်းပြည်နယ်တောင်ပိုင်းဖက်ခရီးစဉ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၏  စီမံကိန်းလုပ်ငန်းတောင်းဆိုမှုများကို ချင်းပြည်နယ်အစိုးရထံ ပြန်လည်မေးမြန်းကြောင်း သိရသည်။

ချင်းပြည်နယ်လွှတ်တော်အမတ် ဦးအောင်လျန်က “ဒုသမ္မတလာတုန်းက ကျနော်တင်ပြထားတဲ့ လုပ်ငန်းတွေအပေါ်  ဘတ်ဂျက်ချပေးတဲ့အချိန်မှာ မပါလာတာနဲ့ပတ်သတ်ပြီး Facebook မှာ ကျနော်စာတင်ထားတယ်၊ ချင်းဝေါလ်မီဒီယာကလည်း ဖော်ပြထားတာရှိတယ်၊ အဲဒါကိုဒုသမ္မတက တွေ့သွားတယ်ထင်တယ်၊ အဲဒီခရီးစဉ်တုန်းက ကိုယ်စားလှယ်ကြီး နဲ့ မြို့မိမြို့ဖတွေက ဘာတွေများတင်ပြခဲ့သလဲ၊ စားရင်းဇယားတွေ ဘာတွေမေ့ကျန်ခဲ့သလဲပေါ့၊ အဲဒါကို စားရင်းတင်ပြသမျှရယ်၊ မြို့မိမြို့ဖတွေ တင်ပြသမျှကို ပို့ပေးပါဆိုပြီးတော့ ဒုသမ္မတက ချင်းပြည်နယ်အစိုးရအဖွဲ့ကို ညွှန်ကြားတယ်၊ ၀န်ကြီးဦးစိုးထက်က ကျွန်တော့်ကို ဖုန်းဆက်တယ်၊ ကျွန်တော်ကလည်း နောက်နေ့မနက်မှာဘဲပို့လိုက်တယ်”ဟု ပြောသည်။

ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ၏ မတူပီမြို့ခရီးစဉ်တွင် မတူပီလွှတ်တော်အမတ် ဆလိုင်းအောင်လျန်းနှင့် မတူပီမြို့မိမြို့ဖများမှ မတူပီနှင့် လိုင်လင်းပီးဆက်သွယ်သည့်လမ်းအား ကျောက်ခင်းလမ်းအဖြစ် မြှင့်ပေးရန်၊ မတူပီ နှင့် ကန်ပက်လက် ဆက်သွယ်သည့်လမ်း အဆင့်မြှင့်ပေးရန်နှင့် ဘုံတလာရေတံခွန်တွင် အန္တရာယ်ကင်းရန် လက်ကိုင်တန်းများတပ်ဆင်နိုင်ရေး၊ မင်းတပ်နှင့် ပလက်ဝကြား ဖောက်လုပ်ထားသည့် လမ်းရှိသော်လည်း မပြုပြင်တော့သဖြင့် ပျက်စီးနေမှုကို ပြန်လည်ပြုပြင်ပေးရန်၊ ကန်ပက်လက်၊ ပလက်ဝ နှင့် မင်းတပ်မြို့နယ်တို့တွင် ယခုထက်ဘတ်ဂျက်ပိုမိုချထားပေးရန်တို့ ပါဝင်ကြောင်းသိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်က “ဒုသမ္မတ ကနေပြီးတော့ ဦးအောင်လျန်း က လူမှုကွန်ယက်မှာ စာတင်ထားတာရှိတယ်၊ အဲဒါသေချာပြန်မေးကြည့်ပါဦးလို့ပြောတယ်၊ ဘာတွေတင်တာလဲ၊ ဘာတွေဖြစ်ချင်တာလည်းဆိုပြီးမေးတယ်၊ အဲဒါ ကိုအောင်လျန်းကနေပြီးတော့ လမ်းလုပ်ပေးဖို့တို့ ကျောက်ခင်းလမ်းလုပ်ပေးဖို့တို့ပြောတယ်၊ ဒါပေမယ့် အဲဒါဘတ်ဂျက်နှစ်နဲ့သွားတာဆိုတော့ ၂၀၁၉-၂၀၂၀ဘတ်ဂျက်တွေက သတ်မှတ်ပြီးသွားပြီ၊ ပြည်နယ်အဆင့်က လုပ်တာတွေရှိတယ်၊ ပြည်ထောင်စုလုပ်တဲ့ဟာတွေရှိတယ်၊ အဲဒါသတ်မှတ်ပြီးသွားပြီဆိုတော့ ချက်ချင်းအဆင်မပြေတာတွေရှိနိုင်တာပေါ့” ဟု ပြောသည်။

ဒုသမ္မတ၏ ညွှန်ကြားချက်ဖြင့် ဟားခါးမြို့၏ အရန်လမ်းအတွက် ဟားခါး – မှန်တောလမ်းကို ပြည်နယ်အစိုးရမှ ဘတ်ဂျက်ချပေးဖောက်လုပ်ပေးခဲ့မှုရှိသော်လည်း ချင်းပြည်နယ်တောင်ပိုင်းဖက်တွင် ဒုသမ္မတ၏ ခရီးစဉ်အတွင်း ညွှန်ကြားမှုဖြင့် ပြည်နယ်အစိုးရမှ ဘတ်ဂျက်ငွေချပေးကာ လုပ်ငန်းဆောင်ရွက်ပေးခြင်းမျိုးမရှိသေးကြောင်း ဦးအောင်လျန်ကပြောသည်။